Thursday, June 21, 2018

စာရွက်စာတမ်း ထားသိုမှုပညာ

စာရင်းကိုင်တစ်ယောက်အနေနဲ့ကတော့ စာရွက်စာတမ်း ထားသိုမှုပညာရဲ့ အကြောင်းကို တဖြည်းဖြည်း ကောင်းကောင်းကြီး သိလာရပါတယ်။ နေ့စဉ်လုပ်နေကျဖြစ်နေတော့ အရေးမပါသလို မထူးစမ်းသလို ထားခဲ့ပေမယ့် တကယ်တမ်း စာရွက်စာတမ်း ထိမ်းသိမ်း ထားသိုမှု မနိုင်တဲ့ သူတွေနဲ့ တွေ့လာရတဲ့ အခါမှာတော့ အစစအရာရာ သင်ဆရာ၊ မြင်ဆရာ တွေကိုပဲ ကျေးဇူးတင်မိခဲ့ပါတယ်။


ငယ်ငယ်က ပထမဦးဆုံး စမြင်တွေ့ခဲ့ရတာကတော့ အိမ်က စာအုပ်စင် သေးသေးလေးပါ။ ကလေးတုန်းကတော့ အကြီးကြီးလိုပါပဲ အိမ်ထဲမှာပဲ အနေများတဲ့ သူတစ်ယောက်အနေနဲ့ကတော့ အဲ့ဒီ့ စာအုပ်စင်ကပဲ စိတ်ရဲ့ ပြတင်းပေါက်ဆိုလည်းဟုတ်၊ တံခါးပေါက်ဆိုလည်းဟုတ်၊ ယနေ့ခေတ်လို Facebook ဆိုလည်း ဟုတ်ပါတယ်။ ကျောင်းပိတ်ရက်တွေ ဆိုရင် မိုးလင်းမိုးချုပ် စာအုပ်စင်နဲ့သာ အလုပ်ရှုတ်နေခဲ့တဲ့ ကျွန်မ စာဖတ်တတ်ရင် ဖတ်တတ်လာသလောက် အစ်ကိုကြီးရဲ့ ရွှေသွေး ဆိုလည်း ဖတ်၊ အဖေ ဖြစ်သူရဲ့ ရသစာပေတွေ ဘာတွေဆိုလည်း လိုက်ဖတ်၊ အမေဖြစ်သူရဲ့

ဝတ္ထုစာအုပ်တွေပါ မကျန် လျှောက်ဖတ်ရင်း စာဖတ်တတ်တဲ့ အလေ့အကျင့်အပြင် စာအုပ်စီတတ်တဲ့ အလေ့အကျင့်တွေပါ ရလာခဲ့ပါတယ်။ ဒီကနေ တဆင့်တတ်တော့ မိခင်လုပ်လို့ လိုက်လုပ်တတ်လာတဲ့ စာရွက်စာတမ်း ထိမ်းသိမ်းခြင်း အတတ်ကိုပါ အတုယူတတ်မြောက်ခဲ့ပါတယ်။ တက္ကသိုလ်စတက်တော့ မိသားစုက နယ်မှာဆိုတော့ အိမ်နဲ့ခွဲရပြီ File တစ် File နဲ့ မိမိအတွက် အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ရွေးချယ် သိမ်းထားတာမျိုး၊ သင်တန်းတွေတက်တော့ သင်တန်းအတွက် အရေးပါတဲ့ စာရွက်စာတမ်းတွေက တစ် File၊ Certificate တွေ Diploma တွေ ရလာပြန်တော့ အရေးကြီး စာရွက်စာတမ်းတွေထဲ ထပ်ထည့်ပေါင်းရတာတစ်မျိုး။ ဒီလိုနဲ့ အလုပ်ခွင်ဝင်တော့ အလုပ်ထဲက စနစ်ကျလှတဲ့ Senior က Punch  ကို စနစ် တကျဖောက်ဖို့ စာရင်းကိုင်ပေါက်စကို စသင်တော့တာပါပဲ။ ပြီးရင် File ထဲမှာ Older to Newest ဘောင်ချာတွေ Date အလိုက် Vr No အလိုက် စီဖို့ကစပြီး စနစ်တကျထားတတ်အောင် စာရွက်တွေ ပြန်လှန်ကြည့်တဲ့အခါမှာ အဆင်ပြေအောင် stapler ကို ဘယ်ဘက်မှာ စာရွက်လှန်မယ့်အတိုင်း စောင်းပြီး ညှပ်ထားဖို့ ပြောခဲ့တော့ သြော် ဒီအပျိုကြီးနှယ် ဇီဇာကြောင်လိုက်တာ လိုတောင် တွေးခဲ့မိသေးတယ်။
ဒီလိုနဲ့ အလုပ်တစ်ခုပြောင်းတော့ အထက်မှာ Senior က မရှိ ဟိုဟိုဒီဒီသင်ကြားပေးမယ့်သူမရှိတော့ပေမယ့် Admin က အပျိုကြီးမမက Paper File တွေကို တစ်ဝက်စီ ပိုင်းပစ်ပြီး သုံးနေတာ တွေ့ရတယ်။ ဘာဖြစ်လို့ ပိုင်းနေလဲ လေ့လာကြည့်တော့ တွဲစရာ Dr/Cr Vr တွေက အတိုလေးတွေလေ Paper File တွေမှာ တွဲစရာတွေက အလယ်မှာ ဆိုတော့အပေါ်တစ်ပိုင်းလုံးကြီးက လွတ်နေတော့ အလေအလွင့်လည်း ဖြစ်တယ် File ထားရတာလည်း အဆင်မပြေဘူး ဒီတော့ တစ်ဝက်ပိုင်းပြီး အပေါ်ပိုင်း Vr တွေကို အညီယူ အောက်ပိုင်းမှာ တစ်ခါတစ်လေ ပိုထွက်တတ်တဲ့ နောက်တွဲ Vr တွေကို အသာလေး ရှေ့ကို ပြန်ခေါက်ထားလိုက်တယ် ဒီလိုနဲ့ မြင်ဆရာတစ်ယောက်တိုးလာတာ။ သုံးနှစ်တာ ထိမ်းသိမ်းရမယ့် Vr တွေ အဲ့လိုနည်းနဲ့ ထိမ်းသိမ်းထားတော့ နေရာလည်း မယူတော့ဘူး Vr တွေ ပြန်ရှာရင်လည်း File ထိပ်ကနေ Date နဲ့ Voucher No. အလွယ်လှန်ရွေးလို့ရလို့ တကယ်အဆင်ပြေပါတယ်။
ဒီလိုနဲ့ Audit လုပ်တဲ့ သူတစ်ယောက်နဲ့ခင်ခဲ့မိတော့လည်း Vr တွေတွဲတဲ့ နေရာမှာ စုံရင်ပြီးရော လျှောက်တွဲမယ့်အစား ပြန်စစ်တဲ့သူဖြစ်ဖြစ် ကိုယ်တစ်ချိန် ပြန်ကြည့်တဲ့အချိန်ဖြစ်ဖြစ် အဆင်ပြေအောင် အစီအစဉ်တကျ လိုအပ်ရင် မှတ်ချက်လေးတွေ ထားပြီး စဉ်ထားတဲ့ အကျင့်လေးတွေ ရခဲ့ပြန်ကော။ ဒါကြောင့် ပြောချင်တာက ရှေ့ကိုပဲအတင်းကြီး သင်တန်းတွေထပ်ထပ်တက်ပြီး ရာထူးတွေ ကြီးလာဖို့ လစာတွေ များလာဖို့ကြီးပဲ ဂရုစိုက်မနေဘဲနဲ့ မိမိပတ်ဝန်းကျင်မှာ စာရွက်စာတမ်းထားသိုမှု သေသပ်အောင် လေ့လာသင့်သလောက် လေ့လာကြစေချင်ပါတယ်။ စာရွက်စာတမ်းမှ မဟုတ်ပါဘူး တစ်ချို့ ရာထူးကြီးတွေ ပညာပိုတတ်တဲ့ သူတွေမှာ အခြေခံ ဒီလောက်ကလေးတောင် မနိုင်မနင်းပုံစံ မြင်တွေ့နေရရင် သိကာလည်း ကျပါတယ်၊ တဆင့်ပြန် စာရင်းစစ်သူဖြစ်ဖြစ် Hand Over လုပ်ရသူတွေဖြစ်ဖြစ် ပြန်သုံးရရင်လည်း အဆင်မပြေတတ်လို့ မိမိတာဝန်ယူနေချိန်ကာလမှာ စနစ်တကျလေး စာရင်း၊ စာရွက်စာတမ်း စတာတွေကို ထားသိုဖို့ လေ့လာစေချင်ပါတယ်၊ ကျင့်သုံးစေချင်ပါတယ်။

Your Lovely Emily

No comments:

Post a Comment