Sunday, July 1, 2018

ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်ဖို့ အခြေခံကစပြီး စတွေးကြည့်ရအောင် ( အပိုင်း ၁ )


၁။ မိမိလုပ်မယ့် လုပ်ငန်းရဲ့ ပန်းတိုင်ကိုသတ်မှတ်ပါ။
မိမိစတင်လုပ်ကိုင်မယ့် လုပ်ငန်းကို ဘယ်လောက်ထိ အောင်မြင်အောင် လုပ်မယ်ဆိုတာ သတ်မှတ်ရပါမယ်။ ဒီနေရာမှာ သိထားသင့်တာက အောင်မြင်မှုဆိုတာ သူများနှင့် နှိုင်းယှဉ် စဉ်းစားတာ မဟုတ်ပါဘူး။ မိမိလုပ်ငန်းကို တစ်ရက် ၀င်ငွေ ဘယ်လောက်ရှိနေရင် အောင်မြင်ပြီလို့ သတ်မှတ်မလဲ။ လစဉ် အမြတ် ဘယ်လောက်ရှိနေချင်တာလဲ စတဲ့ မိမိလုပ်ငန်းရဲ့ ပန်းတိုင်ကို သတ်မှတ်ခိုင်းတာဖြစ်ပါတယ်။ ပန်းတိုင်သိရပြီဆိုရင်တော့ ပန်းတိုင်ရောက်အောင်ဆက်လျှောက်ဖို့ပဲ လိုပါတော့တယ်။ ဒီလိုမိမိသတ်မှတ်ထားတဲ့ ရေရာတဲ့ ပန်းတိုင်ကို ရောက်ပြီဆိုရင်တော့ မိမိလုပ်ငန်း အောင်မြင်ပြီလို သတ်မှတ်လို့ရပါပြီ။


၂။ ဘယ်လိုလုပ်ငန်းမျိုးကို လုပ်ကိုင်မှာလဲ။
မိမိပန်းတိုင် သေချာပြီဆိုရင်တော့ ပန်းတိုင်ရောက်အောင် ဘယ်လို လုပ်ငန်းမျိုးနဲ့ သွားမလဲ ရွေးချယ်ရပါမယ်။ လုပ်ငန်း ရွေးချယ်တဲ့ နေရာမှာ ၀န်ဆောင်မှုလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း စသည်ဖြင့် ပင်မလုပ်ငန်းအမျိုးအစားကြီးတွေထဲက မိမိက ဘယ်လိုလုပ်ငန်းမျိုး နဲ့ ရေရှည်အဆင်ပြေနိုင်မလဲ ဘယ်လိုလုပ်ငန်းမျိုးကို ၀ါသနာပါသလဲ။ ဘယ်လို လုပ်ငန်းမျိုးက မိမိလိုချင်တဲ့ ပန်းတိုင်ကို အရောက်ပို့ပေးနိုင်မလဲ သေချာစွာ လေ့လာပြီး ရွေးချယ်ရပါမယ်။ လုပ်ငန်း ရွေးချယ်တဲ့ နေရာမှာ ပထမဦးစွာ ပတ်ဝန်းကျင်ကို လေ့လာရပါမယ်။ 

ဒီနေရာမှာ ပတ်ဝန်းကျင်ကို လေ့လာခြင်းဆိုတာ လူအများစု ကျင့်သုံးနေကြတဲ့ ပတ်ဝန်းကျင်က စီးပွားရေးလုပ်ငန်းတွေကို လိုက်ကြည့် Idea တွေကော တခြားအရာတွေကိုပါ တစ်ထပ်တည်းဖြစ်အောင်လိုက်လုပ်တဲ့ စီးပွားရေးလုပ်ငန်းမျိုး တည်ထောင်ဖို့ မတိုက်တွန်းချင်ပါဘူး။ ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေ ဘာတွေလိုအပ်နေလဲ ဘယ်လိုအရာတွေက သူတို့ဆီက ၀င်ငွေကို ရရှိလာအောင် လုပ်နိုင်မလဲ စသည်ဖြင့် စဉ်းစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ ပတ်ဝန်းကျင်မှာ အဆင်ပြေတဲ့ လုပ်ငန်းမျိုး မျက်စိကျလာရင်တောင် သူ့ထက်ပိုပြီး Modified လုပ်တဲ့ နည်းကို စဉ်းစားပြီး Idea ကို ခွဲထွက် သင့်ပါတယ်။

ဒုတိယနည်းကတော့ မိမိကိုယ်ကိုယ် ပြန်သုံးသပ်နည်းပါ။ မိမိမှာ ဘာအရည်အချင်းတွေရှိလဲ၊ မိမိက ဘာတွေဝါသနာပါလဲ၊ မိမိရှိပြီးသား လုပ်ငန်းအတွေ့အကြုံတွေကို အသုံးချလို့ ရနိုင်မလား စသည်ဖြင့် မိမိရဲ့ ကျွမ်းကျင်မှုအပေါ်မှာ မူတည်ပြီးစဉ်စားတာ ဖြစ်ပါတယ်။

၃။ မိမိ လုပ်ကိုင်မယ့် လုပ်ငန်းအမျိုးအစားကို ရွေးချယ်ပြီးပြီဆိုရင်တော့ လုပ်ငန်းနာမည်ကို သတ်မှတ်ရပါမယ်။ လူတွေမှာ တစ်ဦးနှင့် တစ်ဦးခွဲခြားသိဖို့ အမည်ပေးကြရပါတယ်။ ဒီလိုပါပဲ လုပ်ငန်းတစ်ခု တည်ထောင်တော့မယ် ဆိုရင်လည်း လုပ်ငန်းနဲ့ လိုက်ဖက်မယ့်၊ အဓိကအားဖြင့် မိမိသတ်မှတ်ထားတဲ့ ပန်းတိုင်၊ မိမိပေးချင်တဲ့ ၀န်ဆောင်မှု စတာတွေနဲ့ ကိုက်ညီမယ့် နာမည်တစ်ခုကို ပေးကြရပါမယ်။ နာမည်ပေးတဲ့အခါမှာ ရိုးရှင်းပြီး၊ လူအများ ပါးစပ်ဖျားမှာ ခေါ်လွယ်တာမျိုး ရွေးတတ်ကြသလို၊ ဆန်းသစ်ပြီး လူတွေကို ဆွဲဆောင်တဲ့ နာမည်မျိုးတွေလည်း ရွေးချယ်တတ်ကြပါတယ်။ ဒါကတော့ မိမိလုပ်မယ့် လုပ်ငန်း နဲ့ မိမိလုပ်ငန်းအပေါ် အားပေးကြမယ့် ဖောက်သည်ဖြစ်လာမယ့် လူတန်းစာတွေအပေါ် မှာ မူတည်ပြီး ရွေးချယ်ကြရပါမယ်။

Your Lovely Emily

ဆက်လက်လေ့လာရန် ...
Start a Business with Emily

No comments:

Post a Comment